မသေချာ မရေရာမြေကွက်ကိုမှ ဝယ်ချင်တဲ့အခါ .............
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
09-780555924
မောင်ကောင်း၏မိတ်ဆွေ အိမ်ခြံမြေအကျိုးဆောင်ဖြစ်သူ ကိုလင်းထက်သည် အခြားသူများနှင့်မတူ တမူထူးသည်။ မိမိ သို့မဟုတ် မိမိမိတ်ဆွေဝယ်ယူမည့်မြေကွက်ကို ကိုယ်တိုင်လည်းရှာသည် ။ အိမ်ခြံမြေအကျိုးဆောင်ခေါ်၍လည်းရှာသည် ။
စိတ်တိုင်းကျမြေကွက်တွေ့လျှင် မောင်ကောင်းဖေကို မြေစီမံဌာနမှာစစ်ပေးဖို့ အကူအညီတောင်းသည်။ မြေစီမံဌာနက မြို့နယ်၊မြေတိုင်း မြေကွက်အမည်ပေါက်နှင့်တကွ ကန့်ကွက်ချက်မရှိ ရှင်းသည်ဟုအကြောင်းကြားချက်ရသည်နှင့် ရှေ့နေမလို ၎င်းကိုယ်တိုင်သတင်းစာမှာ ကြေငြာသည် ။
၇ရက်ပြည့်၍ ဒုတိယအကြိမ်စရံကြီးချမည်ဆိုမှသာ မောင်ကောင်းဖေကိုခေါ်သည်။ ၎င်းခေါ်မှ မောင်ကောင်းဖေက စာရွက်စာတမ်းမှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးရသည်။ စာရွက်စာတမ်းပြည့်စုံမှန်ကန်လျှင် ဒုတိယအရစ် သိန်း(၅၀၀)၊သိန်း (၁၀၀၀) စသည်ဖြင့်စရံကြီးချပေးလေ့ရှိသည် ။
ယခုလည်း ကိုလင်းထက်ဝယ်ယူမည် အနှစ်(၆၀)မြေငှားဂရန်မှာ ရန်ကုန်မြို့မြေစာရင်းတွင် အမည်ပေါက်မှန်နေပြီး ရှင်းရှင်းလင်းလင်းဖြစ်နေသဖြင့် ဝယ်ရန်ဆုံးဖြတ်၍ မောင်ကောင်းဖေအား စာချုပ်ပေးရန် ခေါ်ယူခြင်းဖြစ်သည် ။
မောင်ကောင်းဖေလည်း ယခင်ကစာချုပ်ပေးနေကျအတိုင်း စရံကြီးပေးချေပြီး မြေနှင့်အိမ် လက်ရောက်ပေးသည့်နေ့တွင် အပြီးစာချုပ်ချုပ်ပေးရမည်ဟူသောအတွေးဖြင့် အရောင်းအဝယ်ပြုလုပ်မည့် ဒဂုံအရှေ့နေအိမ်သို့ သွားရောက်ခဲ့ကြသည်။
ထူးခြားချက်တစ်ခုကို မောင်ကောင်းဖေပြောပြချင်သေးသည် ။ ကိုလင်းထက်မြေကွက်က (40’X60’)မဟုတ်ပါ၊ (20’ x 60’ ) တစ်ဝက်သာဝယ်ယူမှာဖြစ်သည် ။ ဝယ်ယူမည့်မြေအမျိုးအစားက အနှစ်(၆၀ )ဂရန်မြေဖြစ်သည် ။(40’X60’)အကျယ်ရှိသည် ။ ဝယ်ယူမည့်မြေကွက်ကို သွားရောက်စစ်ဆေးကြည့်သည့်အခါ မျက်မြင်အနေအထားအရ (20’ x 60’ )ခန့်သာ ကျယ်သည်ကိုတွေ့ရသည်။
ကိုလင်းထက်ဝယ်ယူမည့်မြေကွက်အကျယ်ကလည်း (20’ x 60’ )ယူမှာဖြစ်သည့်အတွက် ဝယ်လျှင်အဆင်ပြေပါသည် ။သို့သော် ကိုလင်းထက်ဝယ်ယူမည့်မြေကွက်မှာ မိတ္တူခြမ်း (20’ x 60’ ) ဖြစ်သည်။မူရင်းကို ဂရန်မူရင်းရှိသူထံမှ ခေတ္တငှား၍ကြည့်ရသည် ။ခေတ္တငှားရမ်းကြည့်ရှုခ (5သိန်း )ပေးရသည်။
ကိစ္စမရှိပါ ။ ကိုလင်းထက်က အလွယ်တကူပင် ဂရန်ငှားရမ်းပေးသူကို ကြည်ကြည်ဖြူဖြူပင် ပေးလိုက်သည် ။ သို့သော် နှစ်၆၀ မြေငှားဂရန် ခေတ္တကြည့်သည့်ကိစ္စက ဤတွင်ဇာတ်လမ်းမပြီးသေးပါ။ မူလဂရန်အမည်ပေါက်သူနှင့် ပူးပေါင်း၍ အရောင်းအဝယ်စာချုပ်ချုပ်ရန် “ အရောင်းမြေပုံကူးအုံးမည် “။ အရောင်းမြေပုံရလျှင် နှစ်ယောက်တွဲအရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် ခွဲစိတ်မြေပုံနှင့် မြေတိုင်းမြေပုံကူးရအုံးမည် ။ပြီးလျှင် ခွဲစိတ်ဂရန်မြေပုံကူးရအုံးမည် ။ ဤအချက်အလက်တွေပြည့်စုံမှ ခွဲစိတ်မြေပုံနှင့်တကွ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် ရန်ကုန်တိုင်းဒေသကြီး ၊အခွန်ဉီးစီးဌာနတွင် ကာလတန်ဖိုး သတ်မှတ်ပေးရန် လျှောက်ထားရအုံးမည် ။
ကာလတန်ဖိုးသတ်မှတ်ပြီးမှသာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ရောင်းခွန် ၁၀% ၊ ဝယ်ခွန် ၃% ၊တံဆိပ်ခေါင်းခွန် ၄% ဆောင်ရအုံးမည် ။ ယင်းအခွန်များပေးဆောင်ပြီးမှသာ မြေကွက်အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်စာချုပ်ချုပ်ရမည် ။ ၇ရက်စောင့်၍ မှတ်ပုံတင်စာချုပ်ရသည့်အခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနတွင် ဝယ်သူ (၂) ဦး၏ အမည်သို့ ပြောင်းပေးသည်။
ဝယ်သူ (၂) ဦး၏အမည်ပေါက်ဖြစ်သွားသည့်အခါ မူလဂရန်အမည်ပေါက်သူ၏ တာဝန်မရှိတော့ပေ။ နောက်ဆုံးအမည်ပေါက်ဖြစ်လာသည့်သူ၂ဦး၏ တာဝန်ဖြစ်လာသည် ။ ဂရန်စာအုပ်လုပ်မည့် (၂)ဦး၏တာဝန်ဖြစ်သွားသည် ။ အစမှအဆုံး ဂရန်ခွဲမည့်သူ(၂)ဦးမှ ကုန်ကျစရိတ် တစ်ယောက်တဝက်ခံရသည် ။
ဤတွင် အရေးအကြီးဆုံးအချက် မောင်ကောင်းဖေပြောပြဖို့ ကျန်ခဲ့သေးသည် ။ ယင်းအချက်တွင် ယခုဂရန်စာအုပ်မူရင်းပြသူမှာ ဂရန်အမည်ပေါက်မဟုတ်ပါ ။ သူလည်း တစ်ဆင့်ဝယ်ယူထားသူ ဝယ်ရောင်းအကျိုးဆောင်တစ်ဦးပင်ဖြစ်သည် ။
ဂရန်မိတ္တူခြမ်း ဝယ်သူနှင့်အတူတူ အမည်ပြောင်းမည်။ ပြီးလျှင် တစ်ယောက်တစ်အုပ် ဂရန်ခွဲစာအုပ်လုပ်ပြီးကိုင်ပြီး ရောင်းကြမည်။ တွက်ရေးမှာတော့ စက်သူဌေးဖြစ်မည့်ကိန်းပါပဲ ။ လက်ရှိမှာတော့ အမည်ပေါက်သူက အမေရိကန်သို့ ခရီးသွားနေသည် ။ သူပြန်လာမှ ဆက်လုပ်ကြမည် ။ ဒါလည်း အချိန်ပေးပြီးလုပ်ကြမည်ဆိုလျှင် ဂရန်စာအုပ် တစ်ယောက်တစ်အုပ်ရနိုင်သည် ။
ထို့ထက်ထို့ထက် အခက်ဆုံးအချက်က ဂရန်မိတ္တူအခြမ်းဝယ်မည့် ကိုလင်းထက်တို့မြေကွက်
(20’ x 60’ ) မြေအကျယ်ကို ကွင်းဆင်း၍ ခန့်မှန်းကြည့်ရာ (20’ x 60’ )ရှိနိုင်သော်လည်း ကျန်သည့်မြေကွက်အကျယ် (20’ x 60’ ) ဘယ်မှာလဲဟု ရောင်းသူကိုမြေးကြည့်သည့်အခါ ကျွန်မလည်းမသိဟု ပြောသည်။
ဤသို့ဆိုလျှင် (20’ x 60’ )မြေကွက်ပျောက်နေသည်ဟု မေးမြန်းကြည့်သည့်အခါ ကျွန်မမြေကွက်ကတော့ (20’ x 60’ )ရှိသည်ဟု ပြောပြန်သည် ။ ဟုတ်ပါပြီ အစ်မမြေကွက်က ၁၂၅ (20’ x 60’ ) အကျယ်ရှိတော့ မြေကွက်အမှတ် (၁၂၆) ကပ်လျက်အခြမ်းလား ၊ မြေကွက်အမှတ်(၁၂၄)နှင့် ကပ်လျက်အခြမ်းလားဟု မေးကြည့်ပြန်တော့ ဒါလည်းကျွန်မမသိဘူးဟု ပြောပြန်သည်။
မြေကွက်အကျယ်ကို အတိအကျလည်းမသိ၊ မြေတိုင်းခေါ်ပြီး တိုင်းပေးခြင်းလည်းမရှိသည်ကို တွေ့ရသည် ။ ထို့အတူ နှစ်၆၀မြေငှားဂရန် မူရင်းကိုင်ထားသူကို မေးကြည့်ပြန်တော့လည်း ၎င်းဝယ်ထားသည့်အကွက်မှာ ယခုကဲ့သို့မိုးတွင်းကာလ၌ မြက်တောတွေထူထပ်နေ၍ ၎င်းပိုင်(20’ x 60’ ) မြေအကျယ်အတိအကျမပြနိုင်ကြောင်း ပြောသည် ။ ဂရန်မူရင်းပိုင်ရှင်ပြန်လာမှ ပြောနိုင်မည်ဟုဆိုသည် ။ ၎င်းပြောစကား ဖြစ်နိုင်/မဖြစ်နိုင် မြေကွက်သွားစစ်ကြည့်သည့်အခါတွင်လည်း ယင်းမြေအကျယ် (20’ x 60’ ) ကို အခြားပိုင်ရှင်တစ်ဦးမှ လာရောက်၍ခြံစည်းရိုးခတ်ထားသည်ကို တွေ့ရပြန်သည် ။
နောက်ဆုံးတော့လည်း မသေချာမရေရာသည့် ယင်းမြေကွက်မျိုးကို မဝယ်သင့်ကြောင်း စိတ်ဆုံးဖြတ်ပြီး မောင်ကောင်းဖေတို့ ပြန်လာခဲ့ကြပါတော့သည်။
“ သဗ္ဗေသတ္တာ ကမ္မသကာ” ပဲလေ ။