မိတ်ဆွေတို့... ကိုယ်တိုင်ရောင်းလို ကိုယ်တိုင်ငှားလိုပါသလား... ယခုပဲ Register လုပ်ပြီး ကိုယ်တိုင် Post တင်ကြော်ညာလိုက်ပါ...
Welcome to Home Sweet Home Real Estate

တိုက်ခန်း ရောင်းစဉ်က အိမ်ခန်းဌားသူကို ကြိုတင်အသိပေးခဲ့ရဲ့လား



✍️လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
👄09251015089
ရန်ကုန်မြို့တွင်းမှ
တိုက်ခန်း ဝယ်လိုသူ
များအနေ နဲ့
တိုက်ခန်း အရောင်းအဝယ်
စာချုပ်ပေးဖို့ “မောင်ကောင်းဖေ”
ကိုလာခေါ်တဲ့အခါ
စာချုပ်စာတမ်းတွေ
အသေအချာ စစ်ဆေးပေးပါ။
ပြည့်စုံမှန်ကန်တယ်ဆိုရင်
စရန်ငွေပေးစာချုပ်မယ်။
ပြီးရင် သတင်းစာကြော်ငြာမယ်။
(၇)ရက် သို့မဟုတ် (၁၄)ရက်
ကြော်ငြာချင်တယ်။
သတ်မှတ်ရက်အတွင်းမှာ
ကန့်ကွက်မည့်သူ မရှိဘူးဆိုရင်
အပြီးငွေချေ စာချုပ်ချုပ်မယ်..
.စသဖြင့်
မိမိ တို့ ဖြစ်ချင်တဲ့ဆန္ဒတွေကို
ရှေ့နေကို ပြောပြကြတယ်။
“မောင်ကောင်းဖေ”ကလည်း
မေးရတာပေါ့။
အခုရောင်းမယ့်သူ နဲ့
ရင်းနှီးပြီးသားလား။
ဒါမှမဟုတ်
လုပ်ဖော်ကိုင်ဖက်လားလို့
မေးကြည့်တဲ့အခါ
အချို့ကလည်း
အသိအကျွမ်းမဟုတ်ကြဘူး။
တစ်လမ်းထဲနေသူအချင်းချင်း
လည်း မဟုတ်ဘူး။
အခုမှ
ပွဲစား က မိတ်ဆက်ပေးလို့
ဝယ်ဖို့ဆုံးဖြတ်ကြတာလို့
ပြောကြပါတယ်။
များသောအားဖြင့်တော့
ပွဲစားလုပ်သူကို
မေးလိုက်ရင်တော့
အဖြေမှန်ပေါ်တာပါပဲ။
တိုက်ခန်းရောင်းချင်သူ
တော် တော်များများက
ပွဲစားမပါဘဲ
တိုက်ခန်းရောင်းမယ်လို့
ဖုန်းနံပါတ်ရေးပြီး
ကြော်ငြာပေမယ့်
ဝယ်လိုသူတွေက
သတိမထားမိကြတော့
မသိလိုက်ကြဘူး။
အကျိုးဆောင်
ဆိုသူတွေကတော့
သူတို့ကို လာအပ်ထားတာကို
လည်း လက်ခံပြီး
အကျိုးဆောင် ပေးပါတယ်။
ဒါနဲ့ပဲ
မတင်းတိမ်နိုင်လို့
အိမ်ရောင်းမယ်၊
တိုက်ခန်းရောင်းမယ့်
ဆိုင်းဘုတ်တွေ့ရင်လည်း
ဖုန်းဆက်ပြီး
စုံစမ်းလေ့လာလိုက်တာပဲ။
တစ်ခါတစ်ရံကြုံရင်
အိမ်ရောင်းမယ်၊
တိုက်ရောင်းမယ်
ဖုန်းနံပါတ်ကြော်ငြာထားတဲ့
အိမ်ကို သွားရောက်မေးမြန်း
ကြည့်တဲ့အခါ
ဆိုင်းဘုတ်ချိတ်ထားသူက
ပွဲစားဖြစ်နေတတ်တယ်။
များသောအားဖြင့်
ရောင်းမယ့်ပိုင်ရှင်တွေက
သူတို့ကိုယ်တိုင်
ကြော်ငြာတာနည်းတယ်။
သိက္ခာကျမှာစိုးလို့
ကိုယ်တိုင် မကြော်ငြာ
တာလားတော့
မပြောတတ်ပါဘူး။
ဒါလည်း
အပြစ် သွားပြောလို့
ဘယ်ဖြစ်မလဲ။
လူတစ်ကိုယ် စိတ်တစ်မျိုး
ဆိုရိုးရှိနေတာပဲ။
အဲ...ပြောချင်တာက
ဒါမဟုတ်ဘူး။
ဝယ်သူနဲ့
အကျိုးဆောင်လုပ်သူက
ရှေ့နေ”မောင်ကောင်းဖေ”
လာခေါ် တဲ့အခါ
ရောင်းသူထံမှာရှိတဲ့
စာရွက်စာတမ်းတွေ
ကြည့်ပေးဖို့သာပြောပြီး
ရောင်းမယ့်အိမ်က
ပိုင်ရှင်ကိုယ် တိုင်နေတာလား။
အိမ်ငှားတွေတင်
ထားတာလား
ဒါမှမဟုတ်
အိမ်ကို သော့ပိတ်ထားတာလား
ဆိုတာကို
ရှင်းရှင်းလင်းလင်း
ပြောမသွားကြဘူး
မေ့နေတတ် ကြတယ်။
တကယ်တော့
အိမ်တစ်အိမ်၊
တိုက်ခန်းတစ်ခန်း
ဝယ်ပြီဆိုရင်
စာရွက်စာတမ်း
ပြည့်စုံရုံနဲ့ မရသေးဘူး။
ရောင်းတဲ့လူက
အပြီးငွေချေတဲ့နေ့မှာ
အိမ်ကို
လက်ရောက်အပ်ဖို့လိုတယ်။
တစ်ချို့ဆိုရင်
တိုက်ခန်းအရောင်း
အဝယ်လုပ်စဉ်က
အပြီးငွေချေတဲ့နေ့မှာ
အိမ်ငှားတွေကို
အပြီး ရှင်းပေးထားမယ် လို့
ဝန်ခံကတိ ပြုခဲ့ပေမယ့်
တကယ်လည်း
အပြီးငွေချေတဲ့နေ့
လည်းရောက်ရော
အိမ်ငှားတွေက
ဆင်းမပေးနိုင်ဘူးလို့
ငြင်းဆန်နေတာကို
တွေ့ဖူးတယ်။
အဲဒီအိမ်ငှားသူတွေက
ဆင်းပေးဖို့ ငြင်းဆန်တဲ့
အကြောင်းကလည်း
ရှိသေးတယ်။
သူတို့က
တစ်နှစ်စာချုပ်ထား တာ၊
(၃) နှစ်စာချုပ်ထားတာ၊
နောက်(၂)လမှ
ပြည့်မယ်။
အဲဒီ ကျမှဆင်းပေးမယ်ဆိုပြီး
ဆင်းဖို့
အတင်းငြင်းတတ်ကြတယ်။
အိမ်ငှားတွေဘက်က
ပြောမယ်ဆိုရင်
ပြောလောက်စရာပဲ။
၁၉၆၀ ပြည့်နှစ်
မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး
အက်ဥပဒေအရ
ဆက်မငှားလိုရင်
အိမ်ရှင်က
ကြိုပြောလေ။
အခုလိုကြီး
စရန်ငွေယူပြီးတဲ့နောက်မှ
ကျွန်တော်က
အခန်းကို ရောင်းလိုက် ပြီ၊
ခင်ဗျားတို့ဖယ်ပေးတော့။
ကျန်နေတဲ့ (၁)လစာ (၂)လစာ ကို
ပြန်အမ်းလိုက်မယ်။
စပေါ်လည်း
ပြန်အမ်းပေးမယ်ဆိုပြီး
ရာဇသံပေးသလိုလုပ်တော့
အခန်းငှားသူကလည်း “
လမပြည့်”ပဲနဲ့ ဖယ်မပေးနိုင်ဘူး
ဆိုပြီး
အပေါ်စီးနဲ့
ခပ်တင်းတင်း
ပြောပါ လေရော။
ဒီတော့မှ
အိမ်ရှင်လည်း ခြေမကိုင်မိ၊
လက်မကိုင်မိ ဖြစ်ကာ
ငယ်ထိပ်မြွေပေါက်သလို
ခံစားရပြီး
အကျဉ်းအကျပ်ထဲ
ရောက်တော့တာပေါ့။
ဆုပ်လည်းစူး၊
စားလည်းရူး
ဆိုသလို
ဝယ်သူကို
စရန်ငွေပြန်အမ်းရင်လည်း
စရန်ငွေကအနည်းဆုံး
သိန်း ၅၀၀ ယူထားတာ
ဖြစ်နေတယ်။
ဝယ်သူတို့
ပြန်အမ်းရရင် လည်း
စရန်ငွေ (၂)ဆပေးရမှာဆိုတော့
မချောင်ဘူး။
တိုက်ခန်းငှားသူ
ကလည်း (၂)လစာ
ပြန်အမ်းတာ လက်မခံဘူး။
အိမ်ရှင်ဘက်က
အငှားစာချုပ်ဖောက်ဖျက်တာရယ်၊
ကြိုမပြောတာရယ်၊
ဖုတ်ပူမီးတိုက်
ရွှေ့ပြောင်းပေးရတာရယ် စတဲ့
ဒုက္ခတွေကြောင့်
နစ်နာကြေး သိန်း ၅၀၀ ပေးရင်
ဆင်းပေးမယ်လို့တောင်း
ဆိုပါလေရော။
အဲဒီတော့မှ
ကာလပြောင်းပြန်တွေ
ဖြစ်တော့တာပဲ။
အိမ်ရှင်က
အပေါ်စီးကနေရမယ့်အစား
မျက်နှာငယ်လေးနဲ့
တိုက်ခန်းငှားသူကို
အောက်ကျို့ဆက်ဆံရတာ
တွေဖြစ်လာတယ်။
သိန်း ၅၀၀ မပေးဘဲနဲ့
မဆင်းနိုင်ဘူးဆိုပေမယ့်
အိမ်ရှင်ကတော့
စေတနာမရှိတဲ့အတွက်
တစ်ပြားမှတောင်ပေးချင်မှာ
မဟုတ်ဘူးလေ။
ဒီတော့ အိမ်ငှားကိုတော့ပြန်ပြီးအောက်မကျို့တော့ ဘူး။
ဝယ်သူကိုပဲ
မေတ္တာရပ်ခံတောင်းပန်ဖို့
ဆုံးဖြတ်ရတော့ တာပေါ့။
ဗုဒ္ဓဘာသာ
ဝယ်သူအများစုကလည်း
ဒီလိုချည်းတော့ သူများပိုက်ဆံအလကားမယူချင်ကြဘူး။
ရောင်းသူကိုယ်တိုင် က
မေတ္တာရပ်ခံတောင်းပန်
လာတော့လည်း
သဘောထား ပျော့ ပြောင်းပြီး
အိမ်ငှားတွေဆင်းတဲ့လအထိ
စောင့်ပေးကြသူလည်း
ရှိပါတယ်။
“မောင်ကောင်းဖေ”ပြောချင်တာကဝယ်သူများအနေ နဲ့
မိမိဝယ်ယူမည့်တိုက်ခန်းဖြစ်စေ၊
မြေနဲ့ အိမ်ဖြစ်စေ၊
ရောင်းမယ့်
မြေ၊ အိမ်၊ တိုက်ခန်းဟာ
အိမ်ငှားတွေရှိလားလို့
မမေးလိုက်မိတဲ့
အချက်ကြောင့်ပါပဲ။
ဒါကြောင့်
မြေ၊ အိမ် တိုက်ခန်းဝယ် ရင်
အခန်းလွတ်လက်ရောက်အပ်မှ
ဝယ်ကြပါလို့
အကြံပေး တိုက်တွန်း
လိုက်ရပါတော့တယ်။

မှတ်ချက်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။